News Articles

August 13, 2019

မြန်မာနိုင်ငံ၏ Ease of Doing Business ပိုမိုကောင်းမွန်ရေးအတွက် အထောက်အကူပြုစေရန် ဆောက်လုပ်ခွင့်ပါမစ်စနစ်သစ် ကို IFC မှပံ့ပိုးကူညီ

၂၀၁၉ခုနှစ် သြဂုတ်လ ၉ ရက်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့၀င် ဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေစေသော ၀န်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန်နှင့် ရန်ကုန်မြို့၏ အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်စနစ်ကို ပြုပြင်ပြောင်းလဲရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ၏ အဆောက်အအုံဆိုင်ရာ လုပ်ငန်းတာ၀န်ခံအဖွဲ့  ကို ပံ့ပိုးကူညီလျက်ရှိပါသည်။ ရန်ကုန်မြို့ အဆောက်အအုံဆိုင်ရာ ပါမစ်စနစ် (YBPS) သည် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ နှစ်ကုန်ပိုင်းအထိ စမ်းသပ် အသုံးပြုမည် ဖြစ်သည်။
 
 
IFC နှင့် YCDC တို့ကြား တစ်နှစ်ကြာလက်တွဲပူးပေါင်းဆောင်ရွက်ပြီးနောက် နှစ်စဥ်လက်ခံဆောင်ရွက်နေရသော ပါမစ်လျှောက်လွှာ အစောင်ရေ ၄၀၀၀၏ ၉၀ရာခိုင်နှုန်းခန့်ကို စက္ကူစာရွက်များ အသုံးပြုစရာ မလိုတော့မည့် နည်းပညာအစားထိုးစနစ်ဖြင့် ဆောက်လုပ်ခွင်ပါမစ်ရရှိရေးလုပ်ငန်းစဥ် ကြာချိန်ကို ခန့်မှန်းခြေ ပျမ်းမျှ ၉၅ ရက်မှ ၄၉ ရက်သို့ လျှော့ချနိုင်ပါမည်။ မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြုနိုင်မည့် အွန်လိုင်းဆောက်လုပ်ခွင့်ပါမစ်စနစ်အသစ် ကို YCDC အတွက် အထူးသီးသန့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာပညာရှင်အဖွဲ့အစည်းများ၏ အသိအမှတ်ပြုလက်မှတ်ရထားသော ဗိသုကာပညာရှင်များနှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာများမှ သတ်မှတ်ကာလ အပိုင်းအခြားတွင် ပါ၀င်စမ်းသပ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
 
“ကျွန်မတို့ အနေနဲ့ ပါမစ်ပေးတဲ့လုပ်ငန်းစဥ်မှာ ပိုပြီးမြန်ဆန်ထိရောက်စေဖို့အတွက် လုပ်ငန်းရှင် အသိုင်းအ၀ိုင်းဖက်က တောင်းဆိုမှုများကို နားလည်တုံ့ပြန်သည့်အနေနဲ့ ပြင်ဆင်ထားတဲ့ ရန်ကုန်မြို့အဆောက်အအုံဆိုင်ရာ ပါမစ်စနစ် (YBPS) ကို စမ်းသပ်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူး ‌ဒေါ်လှိုင်မော်ဦးမှ ပြောကြားသည်။ စမ်းသပ်ဆောင်ရွက်မှု အဆင့်တွင် ပါမစ်လျှောက်သူများ၏ အတွေ့အကြုံ၊ အကြံဉာဏ်များကို တောင်းယူပြီးတော့ စနစ်ကိုပိုကောင်းမွန်အောင် ဖြည့်စွက်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဒီဇင်ဘာလထဲ ဒီစနစ်ကို စတင်အသုံးပြုတဲ့အခါ မြန်ဆန်ထိရောက်၊ ပွင့်လင်းမြင်သာပြီး ကုန်ကျစရိတ်မှာလည်း တွက်ချေကိုက်တဲ့စနစ်တစ်ခု ဖြစ်လာနိုင်မယ်” ဟု ထပ်မံ ပြောကြားခဲ့ပါသည်။
 
ရန်ကုန်မြို့ အဆောက်အအုံဆိုင်ရာ ပါမစ်စနစ် (YBPS) ဖြစ်ပေါ်လာစေရန် IFC ၏ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံ၏ Ease of Doing Business ကို ပိုမိုကောင်းမွန်အောင်အထောက်အကူပြုစေရန် ရည်ရွယ်သည့် အစီအစဥ်ကြီး၏ တစိတ်တပိုင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် Doing Business အစီရင်ခံစာ အညွှန်းကိန်းအရ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ ဖြင့် ရပ်တည်နေပါသည်။ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ရရှိရေး အချက်သည် အညွှန်းကိန်းကို အဆုံးအဖြတ်ပေးနိုင်မည့် တိုင်းတာသောအချက် ၁၀ ချက်ထဲမှ တစ်ချက်ဖြစ်ပါသည်။
 
“အခြားကဏ္ဍများနဲ့ နှိုင်းယှဥ်ရင် မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍက ၀င်ငွေအများဆုံးရနိုင်တဲ့ အလားအလာရှိပါတယ်။ ဒါကြောင့် ထိရောက်မြန်ဆန်၊ ပွင့်လင်းမြင်သာပြီး လက်ခံနိုင်စွမ်းရှိတဲ့ ပါမစ်စနစ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ၀န်းကျင်ကောင်းတစ်ခုဖြစ်ဖို့ အထောက်အကူဖြစ်စေမှာပါ” ဟု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ မစ္စတာဗစ်ခရမ်ကူးမာမှ ပြောကြားခဲ့ပါသည်။ “အစိုးရရဲ့ အားစိုက်ထုတ်မှုနဲ့အတူ ဖြစ်လာတဲ့ ယခု အပြောင်းအလဲဟာ ဆောက်လုပ်ရေးကဏ္ဍကို ယှဥ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့အောင်နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုရရှိဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။”
 
၂၀၁၈ခုနှစ် မေလတွင် IFC နှင့် YCDC တို့ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပြီး ရန်ကုန်မြို့၏ အဆောက်အုံဆောက်လုပ်ခွင့် ပါမစ်စနစ်ကို အသေးစိတ်လုပ်ငန်းစဥ်မြေပုံ ရေးဆွဲအကဲဖြတ်မှုကို ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်မြို့ဆောက်လုပ်ရေးကဏ္ဍ၏ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည့် customized စနစ်တစ်ခုအဖြစ် ထွက်ပေါ်လာစေရန်အတွက် IFC သည် YCDC ကို စွမ်းဆောင်ရည်မြှင့်တင်ရေးလေ့ကျင့်မှုများ ပံ့ပိုးကူညီပေးနေစဥ်တွင် စနစ်ကို တကယ်လက်တွေ့သုံးစွဲရမည့်သူများနှင့်လည်း ပါ၀င်ဆွေး‌နွေးမှုများ လုပ်ဆောင်ခဲ့ပါသည်။
 
များမကြာမီကဖြစ်သော မြန်မာနိုင်ငံ၏ အခြားသော Doing Business ဆိုင်ရာပြုပြင်ပြောင်းလဲမှုများတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ချေးငွေသတင်းအချက်အလက်ဌာန ပေါ်ပေါက်လာရေးဆောင်ရွက်မှုနှင့်အတူ ၇၀ ရာခိုင်နှုန်း ပို့ကုန်ပစ္စည်းများနှင့် ၅၇ ရာခိုင်နှုန်း သွင်းကုန်ပစ္စည်းများအတွက် လိုင်စင်လျှောက်ထားရန်လိုအပ်ချက်မှ ကင်းလွတ်ခွင့်ပေးနိုင်သည့် သွင်းကုန်၊ ပို့ကုန် ဆိုင်ရာ Negative lists ကို ပြင်ဆင်အတည်ပြုနိုင်ခဲ့ခြင်းတို့ အပါအ၀င်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုးရေးရှင်း (IFC) သည် သြစတေးလျနိုင်ငံ၊ ဗြိတိသျှနိုင်ငံ၊ ဂျပန်နိုင်ငံအစိုးရတို့နှင့် ပူးပေါင်းပြီး စီးပွားရေးတိုးတက်စေရန်အတွက် အဓိကအရေးပါသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်၊ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဆောင်သည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအဖွဲ့ (Doing Business Reform Working Group) ကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
 
IFC အကြောင်း
 
IFC သည် ကမ္ဘာ့ဘဏ်၏ ညီနောင်သားချင်းအဖွဲ့အစည်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်အုပ်စု၀င် အဖွဲ့၀င်တစ်ခုဖြစ်ကာ ထွန်းသစ်စ စျေးကွက်စီးပွားရေးနိုင်ငံများတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးတည်ဆောင်ရွက်နေသော ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကြီး ဖြစ်ပါသည်။ ကမ္ဘာအ၀ှန်း စီးပွားရေးအဖွဲ့အစည်းပေါင်း ၂၀၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အခက်ခဲဆုံးသော နေရာဒေသများတွင် IFC ၏အရင်းနှီးများ၊ အတတ်ပညာများနှင့် တွန်းအားပေးလုပ်ဆောင်မှုများဖြင့် စျေးကွက်နှင့် အခွင့်အလမ်းများ ဖန်တီးရာတွင် ကူညီဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဘဏ္ဍာ‌ရေးနှစ်အတွင်း IFC ၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာလရှည် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်‌ဒေါ်လာ ၂၃ ဘီလီယံကျော်ထိရှိပြီး အလွန်အမင်းဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ တိုးမြှင့်ခွဲဝေခံစားရေးတွင် ပုဂ္ဂလိက ကဏ္ဍ ပိုမိုမြင့်မားလာစေရန် အထောက်အကူပြုပါသည်။ ပိုမိုသိရှိလိုပါက www.ifc.org တွင် လေ့လာနိုင်ပါသည်။
 
ဆက်သွယ်ရန်
www.ifc.org/eastasia
www.twitter.com/IFC_EAP
www.youtube.com/IFCvideocasts
www.ifc.org/SocialMediaIndex
www.instagram.com/ifc_org
www.facebook.com/IFCeap
www.facebook.com/IFCwbg
 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဆိုင်ရာ လုပ်ငန်းတာ၀န်ခံအဖွဲ့ အကြောင်း
အဆောက်အအုံဆိုင်ရာ လုပ်ငန်းတာ၀န်ခံအဖွဲ့ သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာ၀န်ခံအဖွဲ့  (၇)ဖွဲ့  အနက်  တစ်ဖွဲ့ဖြစ်ပြီး မြို့တော်နယ်နမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်များနှင့် ပတ်သက်၍ စည်းကမ်းချက်များသတ်မှတ်၍ ဆောက်လုပ်ခွင့်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း၊ ဆောက်လုပ်နေစဥ်အတွင်း စစ်ဆေးကြပ်မတ်ခြင်း၊ဆောက်လုပ်ပြီးစီးပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီး အဆောက်အအုံပြီးစီးကြောင်းလက်မှတ် ထုတ်ပေးခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း စသည့်လုပ်ငန်းများအား လုပ်ဆောင်ပေးနေသော တာ၀န်ခံအဖွဲ့ ဖြစ်ပါသည်။
 
BACK